ဇီကာဗိုင်းရပ်စ် (အင်္ဂလိပ်: Zika virus; အတိုကောက် ZIKV) သည် ဗိုင်းရပ်စ် မျိုးရင်း Flaviviridae တွင် ပါဝင်သော မျိုးစိတ် Flavivirus အုပ်စုဝင်ဖြစ်သည်။ ဇီကာဗိုင်းရပ်စ်သည် နေ့အချိန်တွင် လှုပ်ရှားသွားလာသည့် အေးဒီးစ် ခြင်ကြောင့် ကူးစက်ပြန့်ပွားသည်။
လူများတွင် ဇီကာအဖျားရောဂါ အမည်ရှိ မပြင်းထန်သည့် အဖျားရောဂါကို ဖြစ်ပွားစေသည်။ ၁၉၅၀ ခုနှစ်များဝန်းကျင်တွင် အာဖရိကနှင့် အာရှအကြား အီကွေတာ ခါးပတ်အနီးတဝိုက်တွင် စတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဗိုင်းရပ်စ်သည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ပြင်သစ်ပိုလီနီးရှားနှင့် အီစတာကျွန်းသို့ လည်းကောင်း၊ ၂၀၁၅ တွင် မက္ကဆီကို၊ ဗဟိုအမေရိက၊ ကာရစ်ဘီယံနှင့် တောင်အာဖရိကသို့ ကူးစက်ပြန့်ပွားလာကာ ကမ္ဘာအနှံ့တွင် ဖြစ်ပွားသည့် ကပ်ရောဂါအသွင် ဆောင်လာနေသည်။[၁]
ဇီကာဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေး၊ အဝါရောင်အဖျားရောဂါ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ၊ နှင့် West Nile ဗိုင်းရပ်စ်များနှင့် ဆက်စပ်လျက်ရှိသည်။[၂] အဖျားရောဂါသည် သွေးလွန်တုပ်ကွေး အပျော့စားနှင့် ဆင်တူကာ[၂] အနားယူခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပြီး[၃] ကာကွယ်ရန် ဆေးများ၊ ကာကွယ်ဆေးများ မရှိသေးပေ။[၃] မိခင်မှ ကလေးသို့း ကူးစက်ခြင်းကြောင့် ဇီကာအဖျားရောဂါနှင့် ဦးနှောက်မဖွံ့ဖြိုးပြီး ဦးခေါင်းသေးငယ်သည့် ကလေးများ မွေးဖွားခြင်းတို့ ဆက်စပ်နိုင်ဖွယ်ရာရှိသည်ဟု ယူဆထားပြီး[၄][၅][၆] လူကြီးတွင် ကူးစက်ခံရပါက Guillain–Barré syndrome ကဲ့သို့သော အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည်။[၇]
ဇန်နဝါရီ ၂၀၁၆ တွင် အမေရိကန်နိုင်ငံ ဗဟိုရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ရောဂါဖြစ်ပွားလျက်ရှိသော နိုင်ငံများသို့ ခရီးသွားလာခြင်းနှင့် ပတ်သက်ပြီး သတိပေးထားသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း ခရီးသွားလာမှု ရွေ့ဆိုင်းထားရန် အကြံပြုထားသည်။[၈][၉] အခြားသော အစိုးရနှင့် ကျန်းမာရေးအဖွဲ့များကလည်း အလားတူ သတိပေးချက်များ ထုတ်ပြန်ထားသည်။[၁၀][၁၁][၁၂] ကိုလံဘီယာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်ဆာဗေဒိုနှင့် ဂျာမေးကားနိုင်ငံများတွင် အမျိုးသမီးများအား ကိုယ်ဝန်ယူခြင်းကို ရွေ့ဆိုင်းထားရန် အကြံပြုထားသည်။[၁၁][၁၃]
ဧပြီ ၁၉၄၇ တွင် Yellow Fever Research Institute မှ သိပ္ပံပညာရှင်များက ယူဂန်းဒါးနိုင်ငံ ဇီကာတောအုပ်တွင်းရှိ မျောက်စပ်တစ်ကောင်မှတဆင့် ဗိုင်းရပ်စ်ကို ရှာဖွေခွဲထုတ်နိုင်ခဲ့သည်။ ဇန်နဝါရီ ၁၉၄၈ တွင် ၎င်းနေရာ၌ပင် ဗိုင်းရပ်စ်ကို အေးဒီးစ် အာဖရိကနပ် ခြင်မှ ခွဲထုတ်နိုင်ခဲ့သည်။[၁၄][၁၅] မျောက်တွင် အဖျားရောဂါ ဖြစ်ပွားလာသောအခါ သုတေသနပညာရှင်များသည် မျောက်၏ သွေးရည်ကြည်ထဲရှိ ကူးစက်နိုင်သော ဗိုင်းရပ်စ်ကို ၁၉၅၂ တွင် ခွဲထုတ်နိုင်ခဲ့ပြီး ဇီကာဗိုင်းရပ်စ်ဟု စတင်ခေါ်ဝေါ်ခဲ့သည်။ ၁၉၆၈ တွင် နိုင်ဂျီးရီးယားနိုင်ငံ၌ လူတွင် ဇီကာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည်။[၁၆] ၁၉၅၁ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ လူတွင် ရောဂါဖြစ်ပွားမှုသည် ဗဟိုအာဖရိကနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဂါဘွန်နိုင်ငံ၊ ဆီရာလီယွန်နိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံနှင့် ယူဂန်းဒါးနိုင်ငံ အစရှိသော အာဖရိကနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံစသော အာရှနိုင်ငံများတွင် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။[၁၆]
ဇီကာဗိုင်းရပ်စ်တွင် အာဖရိက မျိုးနွယ်နှင့် အာရှမျိုးနွယ်ဟူ၍ နှစ်မျိုးရှိသည်။[၁၇] မျိုးဗီဇလေ့လာမှုများအရ အမေရိကတွင် ဖြစ်ပွားသည့် ဗိုင်းရပ်စ်မှာ အာရှမျိုးနွယ်နှင့် ဆင်တူပြီး ၂၀၁၃ ခုနှစ် ပြင်သစ်ပိုလီနီးရှားတွင် ဖြစ်ပွားခဲ့ရာမှ ရောက်ရှိလာသည်ဟု ညွှန်ပြနေသည်။[၁၈][၁၇]
ဇီကာဗိုင်းရပ်စ်သည် နေ့အချိန်တွင် ပျံသန်းလှုပ်ရှားသော ခြင်မှတဆင့် ကူးစက်ပြန့်ပွားသည်။ ဗိုင်းရပ်စ်ကို အေးဒီးစ် မျိုးစုခြင်များဖြစ်သည့် A. aegypti, နှင့် သစ်ပင်များပေါ်နေသည့် ခြင်များဖြစ်သည့်A. africanus, A. apicoargenteus, A. furcifer, A. hensilli, A. luteocephalus နှင့် A. vitattus တို့တွင် တွေ့ရှိရသည်။ ခြင်တွင် ရောဂါပိုးပေါက်ဖွားမှုမှာ ၁၀ ရက်ဖြစ်သည်။[၁၆]
ဗိုင်းရပ်စ်ကို သယ်ဆောင်သည့် ကျောရိုးရှိ သတ္တဝါများအနေဖြင့် လူနှင့် မျောက် တို့မှာ အဓိကဖြစ်သည်။[၇]
ဗိုင်းရပ်စ်ကူးစက်ခံရပါက ခံစားရသည့် လက္ခဏာများမှာ မပြင်းထန်သော ခေါင်းကိုက်ခြင်း၊ အနီစက်အကွက်များ ထခြင်း၊ ဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်စိနာခြင်းနှင့် အရိုးအဆစ်များ နာကျင်ခြင်းတို့ ဖြစ်သည်။ ဇီကာဗိုင်းရပ်စ်ကို စတင်ဖော်ပြခဲ့သည်မှာ ၁၉၆၄ ခုနှစ်တွင် ဖြစ်ပြီး မပြင်းထန်သည့် ခေါင်းကိုက်ခြင်းဖြင့် စတင်ကာ အနီစက်အကွက်များ ထခြင်း၊ ဖျားခြင်းနှင့် နောက်ကျောကိုက်ခဲခြင်းတို့ ဖြစ်လာသည်။ ထို့နောက် နှစ်ရက်အတွင်း အနီစက်အကွက်များ စတင်မှေးမှိန်လာပြီး သုံးရက်အတွင်း အဖျားပျောက်ပြီး အနီစက်အကွက်များသာ ကျန်ရစ်သည်။ ထို့ကြောင့် လက်ရှိ သိရှိရသလောက် ဇီကာဗိုင်းရပ်စ်သည် ရောဂါလက္ခဏာ မပြင်းထန်ပဲ ငါးဦးတွင် တစ်ဦးသာ လက္ခဏာပြတတ်ပြီး သေဆုံးမှု မရှိသေးပေ။ သို့သော် ရောဂါ၏ အမှန်တကယ် ဖြစ်ပွားနိုင်စွမ်းကိုကား မသိရှိရသေးပေ။[၁၆]
၂၀၁၆ ခုနှစ်အထိ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးပေ။ ရောဂါလက္ခဏာများကို အနားယူခြင်း၊ အရည်ဖြည့်တင်းခြင်းနှင့် ပါရာစီတမောကို သောက်သုံးနိုင်ပြီး သွေးလွန်တုပ်ကွေးပုံစံ သွေးယိုစီးမှု ဖြစ်ပွားနိုင်ခြေ လျော့ကျစေရန်သာ အက်စပရင်နှင့် အခြားသော စတီးရွိုက်မပါသည့် အရောင်ကျဆေးများကို သောက်သုံးသင့်သည်။[၁၉]
ဒီဇင်ဘာ ၂၀၁၅ တွင် မိခင်မှ သန္ဓေသားသို့ ရောဂါပိုးကူးစက်မှုကြောင့် သန္ဓေသားတွင် ဦးနှောက်ထိခိုက်မှုနှင့် ဦးခေါင်းသေးငယ်ခြင်း ဖြစ်ပွားနိုင်စေသည်ဟု သံသယရှိထားသည်။[၅][၂၀] အမေရိကန် CDC အနေဖြင့် "ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် မွေးဖွားလာသည့် ကလေးငယ်များတွင် မွေးရာပါ ဦးနှောက်နှင့် ဦးခေါင်းသေးငယ်ခြင်း ဖြစ်ပွားကြောင်း အစီရင်ခံချက်များ ရရှိထားသည်။ များစွာသော ဦးခေါင်းသေးငယ်သည့် microcephaly ကလေးငယ်များတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို အတည်ပြုထားပြီး microcephaly မည်ရွေ့မည်မျှသည် ဇီကာဗိုင်းရပ်စ်နှင့် ဆက်စပ်မှုရှိနေကြောင်းကိုမူကား မသိရှိရသေး။" ဟု ထုတ်ပြန်ထားသည်။[၂၁]
ဇီကာရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါလက္ခဏာ သက်သာရန် အတွက်သာ ကုသပေးနိုင်ပါသည်။ အနားယူခြင်း၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီးတိုများနှင့် အခြား အကိုက်အခဲပျောက်ဆေးများကို မသောက်ရန်နှင့် ပါရာစီတမောကိုသာ အညွှန်းအတိုင်း သောက်သုံးရန်နှင့် ဇီကာရောဂါ လက္ခဏာများတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ/ဆေးခန်းများသို့ သွားရောက်ပြသ၍ စစ်ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။
ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အကောင်းဆုံး ကာကွယ်နည်း မှာ ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရေးနှင့် ခြင်ကိုက် ခံရခြင်း မရှိအောင် နေထိုင်ရေးဖြစ်ပါသည်။ အိမ်တိုင်း၊ ကျောင်းတိုင်း၊ ရုံးဌာနတိုင်း၌ ခြင်ကျားလောက်လမ်း တကောင်မျှ မရှိစေရေး အတွက် အောက်ပါတို့ကိုဆောင်ရွက်ရပါမည်။
ထို့ပြင် ခြင်ကိုက်မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အကျႌ လက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေအိမ်၌ ခြင်လုံ ဆန်ခါတပ်ခြင်း စသည်တို့ဆောင်ရွက်ရန် လိုအပ်ပါသည်။
ခြင်ကျားလောက်လမ်း တကောင်မှ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို လူတိုင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့် ဇီကာရောဂါ အပါအဝင် သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု မရှိအောင် ကာကွယ်နှိမ်နင်းနိုင် မည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ [၂၂]
ဇီကာဗိုင်းရပ်စ် (အင်္ဂလိပ်: Zika virus; အတိုကောက် ZIKV) သည် ဗိုင်းရပ်စ် မျိုးရင်း Flaviviridae တွင် ပါဝင်သော မျိုးစိတ် Flavivirus အုပ်စုဝင်ဖြစ်သည်။ ဇီကာဗိုင်းရပ်စ်သည် နေ့အချိန်တွင် လှုပ်ရှားသွားလာသည့် အေးဒီးစ် ခြင်ကြောင့် ကူးစက်ပြန့်ပွားသည်။
လူများတွင် ဇီကာအဖျားရောဂါ အမည်ရှိ မပြင်းထန်သည့် အဖျားရောဂါကို ဖြစ်ပွားစေသည်။ ၁၉၅၀ ခုနှစ်များဝန်းကျင်တွင် အာဖရိကနှင့် အာရှအကြား အီကွေတာ ခါးပတ်အနီးတဝိုက်တွင် စတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဗိုင်းရပ်စ်သည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ပြင်သစ်ပိုလီနီးရှားနှင့် အီစတာကျွန်းသို့ လည်းကောင်း၊ ၂၀၁၅ တွင် မက္ကဆီကို၊ ဗဟိုအမေရိက၊ ကာရစ်ဘီယံနှင့် တောင်အာဖရိကသို့ ကူးစက်ပြန့်ပွားလာကာ ကမ္ဘာအနှံ့တွင် ဖြစ်ပွားသည့် ကပ်ရောဂါအသွင် ဆောင်လာနေသည်။