ပုံသဏ္ဌာန် : အပင်တစ်နှစ်ခံ ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ ၁ ပေ ၃ ပေ အထိ မြင့်၏။ပင်စည်ပြောင်ချော၍ လေးထောင့်ပုံရှိသည်။ အရွက်ရွက်ဆိုင်ထွက်၏။ လှံသွားပုံ ရှိ၏။ ရွက်ထိပ် ရွက်ရင်းချွန် သို့မဟုတ် ရွက်ရင်းသွယ်၏။ ရွက်နားညီ၍ ရွက်ပြားချောပြီးပြောင်လက်သည်။ ရွက်ကြောထင်ရှား၏။ အပွင့်ခေါင်းလောင်းပုံသဏ္ဌာန်ရှိပြီး သေးငယ်၍ အဖြူရောင်ပေါ်တွင်ခရမ်းရောင် ပန်းရောင် အပြောက်ကလေးများ ရှိသည်။ တပေါင်းတန်ခူးတွင် ပွင့်၏။ အသီးအသီးရှည်၍ သေးငယ်သည်။ အခန်း ၂ ခန်းပါသည်။ နုစဉ် အမွေးအနည်းငယ် ရှိပြီး ရင့်လျှင် ပြောင်ချော၏။ ဝါဆို ၊ ဝါခေါင် လတွင်သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အောက်ပိုင်းတွင် အများအပြားတွေ့ရသည်။ ပေါက်ရောက်ပုံ။။ သဘာ၀ အလျောက်ပေါက်ရောက်သည်။ အချို့မှာ ဆေးဝါးအလို့ငှာ အိမ်များ၏ ခြံစည်းရိုးများတွင် စိုက်ပျိုးထားသည်။ အသုံးဝင်ပုံ : အာနိသင်။။ မြန်မာဆေးကျမ်းများအလိုအရ အေး ခါး အရသာ ရှိသည်။ သလိပ်နှင့် သည်းခြေကို နိုင်၏။ အဆီမရှိ လေကို ပျက်စေတတ်၏။ ဝမ်းမီးကို တောက်စေ၏။ အဖျားကို ပယ်ဖျောက်စေတတ်၏။ ကလေးများအတွက် အထူးကောင်း၏။ အသုံးပြုပုံ- အရွက် ၁။ အရွက်ကို အဖျားဖြတ်ဆေး၊ အဆိပ်ဖြေဆေး၊ သည်းခြေဆေး၊ လျှာပွတ်ဆေး တို့တွင် ထည့်သွင်းအသုံးပြုသည်။ ပဉ္စငါးပါး ၁။ ပဉ္စငါးပါးကို အဖျားကျဆေး၊ အားတိုးဆေး၊ လေကြေဆေးအဖြစ် ဖော်စပ် အသုံးပြုသည်။ ၂။ အရည်ကျိုသောက်ခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းသက်ခြင်း၊ဝမ်းကိုက်ခြင်း၊ လေထိုးခြင်း နှင့် အဖျားရောဂါကို ပျောက်ကင်းစေသည်။ ၃။ ဆေးခါးကြီးရည်တွင် ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် ၃ မျိုး အမှုန့်ပြု ထည့်သောက်ပါက သွေးဖျဉ်း၊ လေဖျဉ်း၊ နူနာ၊ ခေါင်းကိုက် နှင့် ဇက်ထိုး မူးေ၀သော ရောဂါများ ပျောက်၏။ [၁]